• Create Trip Plan
  • Favorite Place
  • Check in Place

Chaung Tha Beach

ချောင်းသာ ကမ်းခြေမှာ ခရီးသွား ဧည့်သည် အတော်များများ သွားရောက်လည်ပတ်လေ့ရှိပြီး၊ အန္တရယ်ကင်းတဲ့ (RIP current မရှိသလောက် နည်းပါးခြင်း) ကမ်းခြေတစ်ခု ဖြစ်သည့်အတွက် ယခုအခါ ပြည်တွင်း ဧည့်သည်များသာမက၊ နိုင်ငံခြားသား ဧည့်သည်များပါ လာရောက်အပန်းဖြေနေကြပါပြီ။

• Transportation •
ရန်ကုန်မှ - ချောင်းသာ သို့ ပြေးဆွဲပေးနေတဲ့ Golden Star နှင့် Asia Dragon နှစ်မျိုးထဲမှ ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။ နှစ်မျိုး စလုံးက ကားတွေ ကောင်းပြီး Golden Star ကတော့ "Man" ကားတွေကိုသုံးထားပြီး၊ Asia Dragon မှာ "Scania" ကားတွေကို အသုံးပြုပါတယ်။ ကားနှစ်မျိုးစလုံး ကတော့ အလွန်ကောင်းမွန်ပါတယ်။ ကျွန်မတို့ အဖွဲ့ ဇန်နဝါရီ 29 ရက် မှာ သွားတုန်းကတော့ Golden Star ကို ရွေးချယ်ခဲ့ပါတယ်။   

- Golden Star က တစ်ဦးလျှင် အသွားအပြန် 20,000 ကျပ် ကျသင့်ပါတယ်။

ကျွန်မတို့ သွားတုန်းက ဥတိုချောင်းကူး တံတားအသစ်တည်ဆောက် နေသည့်အတွက် ဥတိုချောင်း ကို သမ္မန်နဲ့ ကူးရပါတယ်။ ရေ ကြောက်သူတွေ အတွက်တော့ ရင်တုန်ချင်စရာပေါ့။ မနက် ၃ နာရီလောက်မှာ ဥတိုချောင်းနားကို ရောက်ပြီး ကားတွေက ကြီးတော့ ချောင်းအစပ်နားထိ လိုက်မပို့ပေးနိုင်ဘဲ ၅ မိနစ် ၆ မိနစ်လောက် ကိုယ့်အထုတ်ကို လွယ်ပြီး ကုန်းဆင်းပြေပြေလေးမှာ လမ်းလျှောက်ရပါတယ်။

ဥတိုချောင်း ရောက်တော့ ခရီးသွားရာသီ ဖြစ်သည့်အတွက် ကျွန်မတို့ အဖွဲ့သမ္မန်စီးဖို့ စောင့်ဆိုင်းရပါတယ်။ အထုတ်တွေကလည်းပါ မှောင်မှောင်မဲမဲနဲ့ ဆိုတော့ သမ္မန်ပေါ်သို့ ဂရုတစိုက် ဆင်း၊ တက် ရပါတယ်။ လူအတက်၊ အဆင်းမှာ သမ္မန်က လူးနေပြီး ရင်တုန်စရာတော့ အကောင်းသား။ သမ္မန်ကို ၃ မိနစ် ကျော်ကျော်ပဲ စီးရပါတယ်။ ဟိုဘက်ကမ်းမှာ ခဏလောက်စောင့်ပြီး Mini Bus လေးတွေနဲ့ တည်းခိုရာ ဟိုတယ် ဆီကို လိုက်ပို့ပေးပါတယ်။

ကိုယ်ပိုင် ကားငယ်လေးတွေအတွက် အခြားလမ်းလွဲမှ မောင်းနှင်းနိုင်ပါတယ်။ လမ်းအခြေအနေ မှာ မြေသားလမ်းဖြစ်ပြီး အနည်းငယ် လမ်းကြမ်းတယ်လို့ ကြားသိရပါသည်။ ဥတိုချောင်းကူး တံတားသစ်သည် မတ်လ ကုန်လောက်မှာ ပြီးစီးနိုင်သည့်ဟု သိရှိရပါသည်။

• တည်းခိုစရာ •
ကျွန်မတို့ အဖွဲ့တွေ့ ၅ နာရီလောက်မှာ တည်းခိုရာ "Belle Resort" ဟိုတယ်ကိုရောက်ပါတယ်။ ဥတိုတံတားကောင်းမယ်ဆိုရင် ၃ နာရီလောက်ဆို ချောင်းသားကို ရောက်ပါပြီ။ ကံကောင်းချင်တော့ ချက်ချင်းပဲ check in ဝင်လို့ရပြီး တစ်ဝကြီး အနားယူလိုက်ပါတော့တယ်။

ကျွန်မတို့ ရွေးချယ်ဖြစ်တဲ့ Belle Resort ဟိုတယ်ကတော့ ရေကူးကန်လည်းပါ၊ မနက်စာ Buffet ကလည်း အရမ်းကောင်း၊ အခန်း လေးတွေမှာလည်း နေချင်စဖွယ် ဘန်ဂလိုလေးတွေ နှင့် ဥယျာဉ်အပြင်အဆင်မှာလည်း အုန်းပင်၊ ပန်းပင်၊ မြက်ခင်းပြင် စိမ်းစိမ်းလေးကြားက လျှောက်လမ်းလေးတွေနဲ့ အလွန့်အလွန်ကို ချစ်စရာကောင်းလို့ ကျွန်မအတွက်ကတော့ ချောင်းသာရောက်တိုင်း Belle Resort ဟိုတယ်ကိုပဲ ရွေးချယ်ဖြစ်ပါတယ်။ ရေကူးကန်ဘေးမှာ Buffet စားရင်း ပင်လယ်ကြီးကို လှမ်းမြင်နေရတဲ့ အရသာဟာလည်း ဘာနဲ့မှ မလဲနိုင်လောက်အောင်ပါပဲ။ ဘေဇင်ရေ နှင့် Shower က ရေအားနည်းတာက လွဲပြီး အခြားဟာအားလုံးကောင်းပါတယ်။ တည်းခိုဖူးသူတိုင်း အကြိုက်တွေ့မှာ အသေအချာပါပဲ။

အခန်းအမျိုးအစားတွေကတော့ » »
ဟိုတယ်အခန်းပေါင်း ၆၀ ခန့်ရှိပြီး
Belle Family Suite (Seaview) 4 pax - 241,500 ကျပ်
Beautiful Deluxe (SeaView) - 115,000 ကျပ်
Elegance Superior (2nd Seaview) - 92,000 ကျပ်
Charming Starndard Triple (Garden View) A - 92,000 ကျပ်
Charming Starndard 3 Pax (Garden View) B - 96,600 ကျပ်
Garden View 2 Pax - 69,000 ကျပ်
Extra Bed တစ်ယောက် - 23,000 ကျပ် အသီးသီးကျသင့်မှာပါ။

ဆက်သွယ်ရန် Reservation ဖုန်းနံပါတ် - 01-510117, 01-519488, 09-422514514 ကိုဆက်သွယ်နိုင်ပါတယ်။

• စားရေး သောက်ရေး •
Hotel မှစီစဉ်ပေးထားသည့် မနက်စာ Buffet ကတော့ Perfect ပါပဲ။ နေ့လည်စာ၊ ညစာ တွေကိုတော့ ဟိုတယ်မှာ စားမယ်ဆိုရင်တော့ အပြင်ကမှာစားတာထက် အတန်ငယ်စျေးကြီးပါတယ်။

အပြင်က မှာစားမယ်ဆိုရင် တစ်ယောက်ကို 3000 ကျပ် ခန့်ရှိပြီး
1) ပင်လယ်စာ သုံးမျိုး 2) အရွက်ကြော် တစ်ပွဲ 3) အရည်သောက် နှင့် ငရုပ်သီးထောင်း တို့စရာ တွေပေးပါတယ်။ ဟင်းလက်ရာဟာလည်း ကောင်းမွန်ပြီး အရသာရှိပါတယ်။ ဟင်းအရသာကို မိမိလိုချင်သလို ပြောရင်လည်း လုပ်ပေးပါတယ်။ ဆက်သွယ်မှာယူချင်ရင်တော့ [ကိုသက်မောင်နှင့် မမိုးဆန်းပန်း] ဖုန်းနံပါတ် - 09250599237, 09252563320 ကို ဆက်သွယ်နိုင်ပါတယ်။

ဒါမှ မဟုတ် ဟိုတယ် အရှေ့ဘက်က ဆိုင်တွေမှာလည်း စားသောက်နိုင်ပါတယ်။ ရိုးရိုးအသားဟင်နဲ့ ထမင်းဆိုရင် တစ်ယောက်ကို 1500 ကျပ် ခန့်ကျသင့်မှာဖြစ်ပါတယ်။

• လည်စရာ ပတ်စရာ ပျော်ရွှင်စရာ •
ကမ်းခြေမှာ စက်တပ်ယာဉ်များ ဝင်ခွင့်မပေးဘဲ ကမ်းခြေသန့်ရှင်းရေးကို အထူးဂရုစိုက် ဆောင်ရွက်နေသည့်အတွက် အရင်နှစ်များထက် ကမ်းခြေတစ်လျှောက် ပိုမိုသန့်ရှင်ပြီး ပင်လယ်ရေမှာလည်း ကြည်လင်သန့်ရှင်း နေ၍ ရေဆော့လို့ အလွန်ကောင်းပါတယ်။

- ချောင်းသာ ကမ်းခြေ အနီးအနားရှိ ကျောက်မောင်နှမ၊ သဲဲဖြူကျွန်း စသည့်တို့ကို လည်ပတ်နိုင်ပါတယ်။ ကျောက်မောင်နှမ သွားမယ်ဆိုရင် ဟိုတယ်မှ ဆိုင်ကယ်ငှားသွားနိုင်ပါတယ်။ သဲဖြူကျွန်းသွားမယ်ဆိုရင် Speed Boat တွေနဲ့ ပို့ပေးတဲ့ Service ရှိပါတယ်။ တစ်ယောက်ကို 6000 ကျပ်ခန့် ကျသင့်မှာဖြစ်ပါတယ်။

- Banana Boat စီးမယ့်ဆိုရင်လည်း တစ်ဦးလျှင် 5000 ကျပ် ကျသင့်မှာဖြစ်ပါတယ်။

- ကမ်းခြေမှာ အုန်းသီးတစ်လုံးကို 1500 ကျပ် ပါတဲ့... အုန်းသီး နှစ်လုံးသောက်မယ်ဆိုရင်တော့ 2500 နဲ့ စစ်လို့့ရပါတယ်။

- လှိုင်းစီးဖို့ ဘောကွင်း ငှားမယ်ဆိုရင် တစ်ကွင်းကို 1000 ကျပ် (အသေးအကြီးပေါ်မူတည်ပြီး စျေးကွာပါတယ်)။ ကျွန်မတို့ကတော့ သုံးကွင်း 2000 ကျပ်နဲ့ အတင်းကို စစ်ခဲ့ပါတယ်။ :D

- စက်ဘီးစီး ၀ါသနာပါသူတွေ အတွက်ကတော့ တစ်နာရီကို 1000 ကျပ် ပေးရပါတယ်။ စစ်မယ်ဆိုရင် တစ်နာရီခွဲ 1000 နဲ့ရပါတယ်။

- ကမ်းခြေ တစ်လျှောက် မြင်းပတ်စီးမယ် ဆိုရင် 2000 ကျပ် ကျသင့်ပါတယ်။

ချောင်းသာကမ်းခြေမှာ အနားယူရင်း ပျော်ရွှင်သော အားလပ်ရက် နှင့် ချစ်သူများနေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောာင်းပေးပါတယ်ရှင်

Undefined
Chit Snow's picture

Chit Snow

Traveller