• Create Trip Plan
  • Favorite Place
  • Check in Place

Hsipaw Trip

Hsipaw Trip

တောင်တွေကာရံထားပြီး ဒုဌဝတီမြစ်ကမ်းဘေးမှာတည်ရှိတဲ့ ရှမ်းစော်ဘွားတွေအခြေစိုက်နေထိုင်ခဲ့ရာ သီပေါမြို့လေးကို ရထားကြီးစီးပြီးသွားကြမယ်။

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်ထဲမှာတည်ရှိတဲ့ သီပေါမြို့လေးဟာ သီပေါလို့မခေါ်ခင်တုန်းကတော့ အုန်းဘောင်လို့ခေါ်ဆိုပြီး ရှမ်းစော်ဘွားတွေနေထိုင်ရာအိမ် (ဟော်နန်း)တည်ရာနေရာကို မြေတူးလိုက်ရာ ပတ္တမြားတစ်လုံးတွေ့ရာကိုအကြောင်းပြုပြီး ရှမ်းဘာသာအရ ဆိုင်ပေါ်လို့ခေါ်ရာမှ တဖြည်းဖြည်းနဲ့ ဆိုင်ပေါ်မှဆီပေါ်၊သီပေါ ဖြစ်လာခြင်းပါ။

ရန်ကုန်ကနေ သီပေါကို အလည်သွားမယ်ဆိုရင် ကားလမ်းကနေ တိုက်ရိုက် ရန်ကုန်-မန္တလေး-လားရှိုးexpressစီးပြီး သွားလို့ရပါတယ်။ ကျွန်တော်ကတော့ ကမ္ဘာကျော်ဂုတ်ထိပ်တံတားကြီးပေါ်က ဖြတ်ပြီးသွားရမယ့် ခံစားမှုအသစ်ကို ရချင်တာကြောင့် သီပေါမြို့လေးကိုရထားစီးပြီးသွားခဲ့ပါတယ်။

ဘယ်လိုသွားမယ်
*******************
ရန်ကုန်-ပြင်ဦးလွင်expressကားစီးပြီး ပြင်ဦးလွင်ဘူတာမှာဆင်းပါ။ပြင်ဦးလွင် VIP Express ကားတွေက ပြင်ဦးလွင်ဘူတာလမ်းဆုံကို ၅နာရီခွဲဝန်းကျင်လောက်ရောက်ပါတယ်။ ကားဆရာကိုတော့ ပြင်ဦးလွင်ဘူတာလမ်းဆုံမှာ ဆင်းမယ်လို့တော့ ကြိုပြောထားပါ။

ပြင်ဦးလွင်ဘူတာကနေ သီပေါကိုရထားထွက်ချိန်က နံနက် ၈နာရီပါ။ ရထားခနှုန်းထားတွေကတော့ ရိုးရိုးတန်း ၁၆၀၀ကျပ်၊ အထူးတန်း ၂၇၅၀ကျပ်ရှိပါတယ်။ အထူးတန်းက နိုင်ငံခြားသားတွေစီးတာများတဲ့အတွက် ၁ရက်ကြိုတင် booking လုပ်ထားမှစိတ်ချရပါမယ်။

ရထားစီးတဲ့ခရီးလမ်းတလျှောက်မှာတော့ စိုက်ခင်းတွေ၊ တောင်တောင်ရေမြေသဘာဝအလှအပတွေကို တဝကြီးခံစားရမှာပါ။ ပြင်ဦးလွင်ဘူတာကနေ ဂုတ်ထိပ်ဘူတာထိစီးလာလိုက်တာ ကမ္ဘာကျော်ဂုတ်ထိပ်တံတားကြီးပေါ် ဖြတ်သန်းတဲ့အချိန်မှာတော့ အသည်းတအေးအေးနဲ့ ရထားအောက်ကရှုမျှော်ခင်းကိုကြည့်ရတဲ့ခံစားမှုက ဘာနဲ့မှနှိုင်းမပြတတ်၊ဖော်မပြတတ်လောက်အောင်ပါပဲ။ ဂုတ်ထိပ်ကနေ နောင်ချို၊ ကျောက်မဲဘူတာတွေကို အဆင့်ဆင့် ဖြတ်လာပြီးရင်ဖြင့် ညနေ ၃ နာရီလောက်ဆို သီပေါမြို့လေး ကိုရောက်ပါပြီ။

ပြင်ဦးလွင်ဘူတာနံနက်ခင်း

ပြင်ဦးလွင်ဘူတာ

မြင်မြင်သမျှ ရှုခင်းတွေကိုငေးမောရင်း

ဂုတ်ထိပ်ဘူတာရောက်ပါပြီ

ဂုတ်ထိပ်ဘူတာရောက်ပါပြီ

ဂုတ်ထိပ်ဘူတာကနေ ဂုတ်ထိပ်တံတားကြီးပေါ်သွားနေပါၿပီ

သူတို့တွေအကုန်လုံး ခေါင်းလေးတွေပြူပြီး စငေးကြပါပြီ

ကင်မရာနဲ့ မှတ်တမ်းတင်သူကလည်းတင်

ကမ္ဘာကျော်ဂုတ်ထိပ်တံတားကြီးပေါ်စဖြတ်နေပါပြီ

အသည်းတအေးအေးနဲ့ အောက်ကရှုခင်းတွေကိုကြည့်ရတာပေါ့

အသည်းတအေးအေးနဲ့ အောက်ကရှုခင်းတွေကိုကြည့်ရတာပေါ့

ဂုတ်ထိပ်တံတားကြီးပေါ်မှာ အသည်းတအေးအေးနဲ့ Selfie ဆွဲပြီလေ

ကမ္ဘာကျော်ဂုတ်ထိပ်တံတား

ကမ္ဘာကျော်ဂုတ်ထိပ်တံတားကြီးရှုခင်း

ကမ္ဘာကျော်ဂုတ်ထိပ်တံတားကြီးရှုခင်း

နောင်ပိန်ဘူတာရောက်ပါပြီ

နောင်ပိန်ဘူတာမှာရောင်းတဲ့ မှန်ကူသီးတဲ့ ချစ်စရာလေး။စားရင် အိပ်ချင်ပြေပြီး မျက်လုံးကျယ်တယ်

နောင်ပိန်ဘူတာမှာရောင်းတဲ့ မှန်ကူသီးတဲ့ ချစ်စရာလေး။စားရင် အိပ်ချင်ပြေပြီး မျက်လုံးကျယ်တယ်

ဘယ်မှာတည်းမလဲ
********************
သီပေါမြို့လေးမှာ Hotelတွေ၊တည်းခိုခန်းတွေ နေရာတော်တော်များများမှာရှိကြပါတယ်။ ကျွန်တော်တည်းဖြစ်ခဲ့တဲ့ Tai House Resortကိုပဲ Recommend ပေးပါရစေ။ Resortဆိုပေမယ့် Resort အသေးစားလေးဆိုပိုမှန်ပါလိမ့်မယ်။ တည်းခိုဆောင်လေးတွေက Bungalowပုံစံ ချစ်စရာလေးတွေပါ။

ခြံထဲမှာလည်း နှင်းဆီပန်း၊ သစ်ခွပန်း၊ကြက်တူရွေးပန်း ကြာပန်းစတဲ့ အလှပင်လေးတွေ တော်တော်များများ စိုက်ပျိုးထားတာကြောင့် မြင်လိုက်ရသူအဖို့ Relaxဖြစ်စေပါတယ်။ စက်ဘီး၊ဆိုင်ကယ်ကလည်း Resortထဲမှာအသင့်ရှိနေတာကြောင့် အနီးအနားကို လည်ပတ်ဖို့ကတော့ အရမ်းကိုအဆင်ပြေနေပြီလေ။

အခန်းခစျေးနှုန်းတွေကတော့ ပုံမှန်ချိန်ဆို Superior Room ကို 40,000 ကျပ်နဲ့၊ Deluxe roomကို 45,000 တွေပါ။ 095278275 ကိုဆက်ပြီး booking လုပ်လို့ရပါတယ်။ ဝန်ဆောင်မှုအနေနဲ့ အလာနေ့ကလည်း ဝန်ထမ်းတွေက သီပေါဘူတာအထိ လာကြိုပေးသေးတယ်လေ။ လည်ဖို့ပတ်ဖို့အတွက် တုတ်တုတ်၊ကားကအစ Trekking လျှောက်ဖို့ Guide အထိအဆုံး အားလုံးငှားဖို့အတွက် အပြည့်အဝစီစဉ်ပေးတယ်ဆိုတော့ ပြောစရာမလိုလောက်အောင်ကို အဆင်ပြေနေပြီလေ။
Resort က ကျွေးတဲ့ အစားအသောက်တွေကလည်း အရမ်းကိုအရသာရှိပြီး စားလို့အရမ်းကောင်းပါတယ်။
ကျွန်တော်အကြိုက်ဆုံးကတော့ breakfast မှာကျွေးတဲ့ သက်သက်လွတ်ရှမ်းခေါက်ဆွဲပါပဲ။

Tai House Resort

Tai House Resort

Tai House Resort

Tai House Resort

Resortထဲကကြာပန်းလေး

Tai House Resort ကအကြိုက်ဆုံး သတ်သတ်လွတ်ရှမ်းခေါက်ဆွဲနဲ့ ရှမ်းအစားစာလေးတွေ

ဘယ်တွေလည်မယ်
*********************
• Little Bagan •
သီပေါမြို့ထဲကနေ little Baganကိုသွားမယ်ဆို ၁၀မိနစ် ၁၅မိနစ်နဲ့ဆို ရောက်ပါတယ်။ရှေးဟောင်းစေတီအစုအဝိုင်း အသေးစားလေးပါ။ ပုဂံကဘုရားပုံစံတွေနဲ့လည်း တော်တော်လေးတူပါတယ်။အသစ်ပြုပြင်ခြင်းမပြုပဲ ရှေးဟောင်းလက်ရာအတိုင်း ထိန်းသိမ်းထားပုံပါပဲ။ Little Baganဘုရားအစုလေးဟာ မဟာကန်သာကျောင်းတိုက် ဘေးနားမှာတည်ရှိတာပါ။

Little Bagan

Little Bagan

Little Bagan နားက ဘုရားတစ်ဆူ

• သိမ်တောင်(Sunset Hill) •
သူကတော့ ရစ်ခွေစီးဆင်းနေတဲ့ ဒုဌဝတီမြစ်နဲ့သီပေါတစ်မြို့လုံးရဲ့အလှကို နေဝင်ဆည်းဆာအလှနဲ့တွဲလျက်ခံစားရမယ့် နေရာလေးပါ။သိမ်တောင်ဟာ ဘုန်းကြီးကျောင်းတွေနဲ့ သာသနိက နယ်မြေနေရာတစ်ခုပါ။ တောင်ပေါ်ကိုကွေ့ဝိုက်တက်ရပြီး သိမ်တောင်ရောက်ခါနီး လမ်းခွဲနေရာမှာ ငါးဆူတောင်စေတီ၊ သုံးဆူတောင်စေတီ၊ ကိုးဆူတောင်စေတီစတဲ့ဘက်တွေကိုလည်း သွားလို့ရပါသေးတယ်။ သိမ်တောင်ပေါ်ရောက်ရင်တော့ ချစ်စရာခွေးလေးတွေ ရှိတတ်တာမို့ မုန့်ကျွေးဒါနပြုလို့ရပါသေးတယ်။ သီပေါဒေသခံတချို့ကတော့ ခြေလျှင်တက် လေ့ကျင့်ခန်းလာလုပ်ကြတာ များပါတယ်။

သိမ်တောင် (သို့) Sunset Hill

သိမ်တောင် (သို့) Sunset Hill

• သီပေါဟော်နန်း•
ဟော်နန်းဆိုတဲ့ အဓိပ္ပါယ်ကတော့ ရှမ်းစော်ဘွားတွေနေထိုင်ခဲ့ရာ အဆောက်အဦကိုခေါ်ဆိုတာပါ။ သီပေါဟော်နန်းကို အောက်စဖို့တက္ကသိုလ်မှာ ပညာသွားသင်ကြားခဲ့တဲ့ စဝ်ကြာဆိုင်က ဥရောပဟန်ပန်တွေနဲ့ ၁၉၂၄ခုနှစ်မှာတည်ဆောက်ခဲ့တာပါ။

သီပေါစော်ဘွားစဝ်ကြာဆိုင်နဲ့ ဩစတြီးယားသူ Inge Sargent(မဟာဒေဝီ)တို့ရဲ့ လွမ်းမောဖွယ်ဇာတ်လမ်း ကို ဖော်ကျူးထားတဲ့ မဟာဒေဝီရဲ့ Twilight Over Burma စာအုပ်လေးကြောင့် သီပေါမြို့နဲ့အတူ သီပေါဟော်နန်းကို လူတိုင်းက အထူးတလည် စိတ်ဝင်စားကြပါတယ်။ နိုင်ငံခြားသားတော်တော်များများ လာလေ့လာတဲ့နေရာလေးဆို လည်းမမှားပါဘူး။ ဟော်နန်းကို ထိန်းသိန်းစောင့်ရှောက်တဲ့ အန်တီတစ်ယောက်တော့ရှိပါတယ်။ လာရောက်လေ့လာသူတွေကို သေချာလေး ရှင်းပြတာကို လည်းတွေ့ခဲ့ရပါတယ်။ ဟော်နန်းကိုလေ့လာမယ်ဆိုရင်တော့ ညနေ ၃နာရီ ကနေ ၅နာရီထိပဲ လေ့လာလို့ရမှာပါ။တနင်္လာနေ့ကတော့ ဟော်နန်းပိတ်ပါတယ်။

သီပေါဟော်နန်း

သီပေါဟော်နန်း

သီပေါဟော်နန်း

သီပေါဟော်နန်း

• ဆုတောင်းပြည့်ဘော်ကြိုဘုရား•
သီပေါမြို့ကနေ ငါးမိုင်ခန့်သွားရပြီး မန္တလေး-လားရှိုးသွားလမ်းကြီးပေါ်မှာတည်ရှိပါတယ်။ လွန်ခဲ့သောနှစ်ပေါင်း ၂၃၀၀ကျော်က သီရိဓမ္မာသောကမင်းကြီးတည်ထားခဲ့သော စေတီတစ်ဆူလည်းဖြစ်ပါတယ်။စေတီတော်ကြီးအတွင်းမှာတော့ ပုဂံပြည့်ရှင် နရပတိစည်သူမင်း ထုလုပ်လှူဒါန်းတော်မူခဲ့သော ရတနာစျာန်အောင်၊ ရတနာမာန်အောင်၊ရတနာဉာဏ်အောင်၊ရတနာမာန်အောင် ရုပ်ပွားတော်မြတ်လေးဆူကိုလည်း ဖူးမြင်ရမှာပါ။

နံနက်စောစော မြူတွေကြားကဖူးမြင်ရတဲ့ ဘောကြိုစေတီ

ဘော်ကြိုဘုရားရောက်နေပါပြီ

• စောမွန်လှ စေတီ •
ပုဂံရာဇဝင်နဲ့အတူထင်ရှားကျော်ကြားလှတဲ့ ရှမ်းမင်းသမီးလေးစောမွန်လှအဓိဌာန်ဝင်ခဲ့ရာ အထိမ်းအမှတ်နေရာအဖြစ် တည်ထားခဲ့တဲ့ စေတီတစ်ဆူပါ။(အရိုးစေတီမဟုတ်ပါ) မန္တလေး-လားရှိုး ကားလမ်းမကြီးဘေး ဘော်ကြိုကျေးရွာမှာ တည်ရှိပါတယ်။ စေတီတော်ဘေးမှာတော့ စောမွန်လှရဲ့နန်းကို တွေ့မြင်နိုင်ပြီး စေတီအနောက်နားလေးမှာတော့ ဒုဌဝတီမြစ်ကြီးတည်ရှိနေပုံလေးက လွမ်းမောဖွယ်ရာလေးပါ။

ဘော်ကြိုရွာ မန္တလေး-လားရှိုးလမ်းမဘေးက စောမွန်လှစေတီ

စေတီဘေးက စောမွန်လှနန်း

• လွယ်မုတ်တောင် •
သီပေါမြို့အဝင်နားမှာ တည်ရှိပါတယ်။ တောင်ပေါ်မှာတော့ ကိုးသိန်းကိုးသန်းစေတီ၊ နဂါးရုံးဘုရား၊ ကမ္ဘာလုံးစေတီတို့ကို ဖူးမျှော်ရမှာပါ။စေတီနေရာကနေ အနောက်ဘက်ကို လမ်းဆက်လျှောက်မယ်ဆိုရင် စလွယ်တော်ရ စော်ဘွားကြီးဆာစဝ်ချယ်ရဲ့အုတ်ဂူနဲ့အတူ စော်ဘွားမျိုးနွယ်တွေရဲ့ အုတ်ဂူတွေကို တစုတဝေးတည်း လေ့လာလို့ရတာမို့ ထူးခြားတဲ့နေရာဆိုရင်လည်း မမှားပါဘူး။

လွယ်မုတ်တောင်ပေါ်က စော်ဘွားကြီးဆာစပ်ချယ်အုတ်ဂူ

လွယ်မုတ်တောင်ပေါ်က စော်ဘွားကြီးဆာစပ်ချယ်အုတ်ဂူနဲ့ စော်ဘွားအနွယ်တော်များအုတ်ဂူ

လွယ်မုတ်တောင်ပေါ်က စော်ဘွားကြီးဆာစပ်ချယ်အုတ်ဂူနဲ့ စော်ဘွားအနွယ်တော်များအုတ်ဂူ

• မဟာမြတ်မုနိဘုရားကြီး •
သီပေါမြို့တောင်ဘက်ခြမ်းမှာ တည်ရှိပြီး ရှေးစော်ဘွားတို့ရဲ့ကောင်းမှုတော်တစ်ခုလည်းဖြစ်ပါတယ်။ မန္တလေးမဟာမြတ်မုနိ ပုံတော်အတိုင်း ရုပ်ပွားတော်မြတ်ကို သွန်းလုပ်ထားတာပါ။ ဘုရားပရဝုဏ် အဆောက်အဦးကလည်း မန္တလေးမဟာမြတ်မုနိ ပရဝုဏ်အတိုင်း ပုံစံတူ ဆောက်လုပ်ထားကိုတွေ့ရှိမှာပါ။

သီပေါမဟာမြတ်မုနိဘုရား

သီပေါမဟာမြတ်မုနိဘုရား

နှီးဘုရား
နှစ်ပေါင်း (၁၁၀)ရှိပြီဖြစ်သော နှီးဘုရားကြီးကိုလည်း သီပေါမြို့ ဇာတ်စုရပ်၊ကံသာဘုန်းကြီးကျောင်းမှာ သွားရောက်ဖူးမျှော်လို့ ရပါတယ်။

• ရေတံခွန် •
သီပေါမြို့ရဲ့အနောက်ဘက် ၃မိုင်အကွာမှာ နမ့်တုတ်ရေတံခွန်ကို ဆိုင်ကယ်နဲ့သွားလို့ရသလို ဘော်ကြိုနားက နမ့်ဟူးနွဲရေတံခွန်ဆီသွားရင်တော့ ပထမဆုံး ဆိုင်ကယ်၊တုတ်တုတ်အရင်စီးသွား ရောက်ခါနီးမှ လမ်းကျဉ်းလေးကနေ ၁၀မိနစ်လောက်လမ်းလျှောက်တာနဲ့ ရေတံခွန်ကိုရောက်မှာပါ။

ရေကအေးပြီးဆော့လို့ကောင်းတဲ့ နန်းဟူးနွဲ့ရေတံခွန်

နန်းဟူးနွဲ့ရေတံခွန်

• ချောင်းဆုံ(မြစ်ဆုံ) •
နံနက်အစောပိုင်းလောက် စက်လှေ နဲ့ဒုဌဝတီမြစ်ကိုဆန်တက် သွားရပါတယ်။ ကျွန်တော်ကတော့ သီပေါလည်ပတ်ရတဲ့ နေရာတွေထဲမှာ အကြိုက်ဆုံးနေရာပြောပါဆိုရင် ချောင်းဆုံသွားရတာပါပဲ။နမ္မတူချောင်း၊ စဉ့်အင်ချောင်းနှစ်ခုပေါင်းဆုံပြီးမှ ဒုဌဝတီမြစ်စတင်ပေါ်ပေါက်ရာနေရာလေးပါ။ စက်လှေနဲ့ ဆိုရင် အသွား ၁နာရီ၊ အပြန် ၁နာရီလောက်ကြာပါတယ်။ စက်လှေခကတော့ အသွားအပြန် ၂၀၀၀၀ကျပ်၊ ၂၅၀၀၀ကျပ် အစားစားရှိပါတယ်။ မြစ်ကြောင်းတလျှောက် မြင်တွေ့ရတဲ့ ရှူမျှော်ခင်းတွေကလည်း အရမ်းကို သာယာလှပလွန်းပါတယ်။

မြစ်ကမ်းစပ်နားက river view hotelလေးတစ်ခုကို မြင်တွေ့ရသလို၊ မြစ်ကမ်းစပ်နားက စားသောက်ဆိုင်လေးတွေကလည်း ထိုင်ချင်စရာလေးပါ။ မြစ်ကမ်းဘေးက ကျေးရွာတွေ၊သစ်ပင်ကြီးငယ် အကုန်မှန်သမျှအကုန်လုံး စိမ်းစိုစိုနဲ့ သာယာလှပလွန်းနေပါတယ်။ ဒုဌဝတီမြစ်ရေရဲ့ ကြည်လင်စိမ်းမြချက်ကတော့ မြစ်အောက်ကြမ်းပြင်က ကျောက်တုံး၊ကျောက်ခဲလေးတွေ ရေညှိပင်လေးတွေကိုတောင် လှေပေါ်က မြင်နေရပါတယ်။

ချောင်းဆုံ(မြစ်ဆုံ)ရောက်ရင်တော့ ရေစီးအရမ်းသန်တဲ့ နေရာတွေရှိတာမို့ သတိထားရေကစားဖို့ တော့လိုတာပေါ့။ဗိုက်ဆာရင်လည်း အနီးနားမှာ စားသောက်ဆိုင်အသေးလေးက အဆင်သင့်ဆိုတော့ အားလုံးအိုကေမှာ စိုပြေနေပြီလေ။ ဒါနဲ့ ချောင်းဆုံမှာ သောက်စားထားတဲ့ ပုလင်းခွံ၊ဗူးခွံ၊အမှိုက်တွေကို ပစ်မထားခဲ့ဖို့ကိုတော့ မေတ္တာရပ်ခံပါရစေ။မိမိပစ်လိုက်တဲ့ အမှိုက်တစ်ခုကြောင့် ပတ်ဝန်းကျင် သဘာဝအလှအပတွေကို ရုပ်ဆိုး အကျည်းမတန်စေလိုပါ။

ချောင်းဆုံ(မြစ်ဆုံ)ကို စက်လှေလေးနဲ့သွားပါပြီ

သာယာလှပတဲ့ ချောင်းဆုံ(မြစ်ဆုံ)

သာယာလှပတဲ့ ချောင်းဆုံ(မြစ်ဆုံ)

သာယာလှပတဲ့ ချောင်းဆုံ(မြစ်ဆုံ)

• ရှမ်းဘုန်းကြီးကျောင်းဟောင်း•
နှစ် ၁၀၀ သက်တမ်းရှိဘုန်းကြီးကျောင်းကိုလည်း ချောင်းဆုံအသွားလမ်းတဝက်နေခြေလျှင် ၄၅မိနစ်လောက်လျှောက်ပြီး သွားလေ့လာလို့ရပါသေးတယ်။

• ရေပူစမ်း•
သီပေါမြို့အနောက်ဘက် ကြံခင်းကျေးရွာမှာတည်ရှိတဲ့ ရေပူစမ်းတစ်ခုပါ။

• သီပေါစျေး•
သူကတော့ နံနက်၂နာရီနဲ့ အစောကြီးဖွင့်တဲ့စျေးပါ။စျေးထဲမှာ ရှမ်းအစားအစာတွေကို တစ်စုတဝေးနဲ့ မြည်းစမ်းလို့ရပါသေးတယ်။
အခြားလည်ပတ်စရာနေရာတွေကတော့ ရှမ်းရွာ၊ပလောင်ရွာလေးတွေပါ။ရွာတွေကို Trekking လျှောက်လေ့လာရင်း ဒေသထွက် သီးနှံစိုက်ခင်း၊လက်ဖက်စိုက်ခင်း၊နာနတ်စိုက်ခင်း၊ ဖရဲစိုက်ခင်း၊ စပါးခင်းတွေထဲ၊ တောတွေတောင်တွေထဲ ရောက်သွားရင်ဖြင့် ပင်ပန်းလို့ ပင်ပန်းမှန်းတောင် သိတော့မှာမဟုတ်ပါဘူး။

ရှမ်းပြည်မြောက်ပိုင်းအလှ

ဒေသခံ တောင်ပေါ်သားမြေအဘွားနှစ်ယောက်

ရှမ်းပြည်မြောက်ပိုင်းအလှ

သီပေါဘူတာကစျေးသည် နာမည်ကြီးတဲ့ သီပေါနာနတ်ပါရောင်းနေတာနော်

သီပေါဘူတာနံနက်ခင်း

ရထားကြီးထွက်လာပြီ

စားကြမယ်ဟေ့ကောင်းကောင်း
**********************************
သီပေါမှာ နာမည်ကြီးပြီး စားလို့အကောင်းဆုံးကတော့ မာလာဟင်းနဲ့ ရှမ်းခေါက်ဆွဲပါ။ ရှမ်းအစားအစာဆိုင်လေးတွေက နေရာတော်တော်များများမှာ ရှိတာကြောင့် အဆင်ပြေသလိုဝင်စားရုံပါပဲ။မြန်မာစာမှ စားချင်သူတွေအတွက်ကတော့ မိုင်းပွန်လမ်းပေါ်က အကောင်းကြိုက်စားသောက်ဆိုင်ရှိပါတယ်။ ကျွန်တော်ကတော့ အရသာကို သိပ်မကြိုက်မိဘူးခင်ဗျ။ တရုတ်စာဆိုရင်တော့ မိုင်းပွန်လမ်းမှာပဲ လောချွန်းစားသောက်ဆိုင်ကိုညွှန်ပြရစေ။ ခရီးသွားခြင်းဟာ ခန္ဓာကိုယ်အတွက် ကိုယ်လက်လှုပ်ရှားမှု ဖြစ်စေသလို စိတ်ကိုလည်းကြည်လင် လန်းဆန်းစေပါတယ်။

ဒါ့ကြောင့် ရိုးသားတဲ့ ရှမ်းတိုင်းရင်းသားတို့ရဲ့နေရပ်ဖြစ်တဲ့ သာယာအေးချမ်းလှတဲ့ သီပေါမြို့လေးဆီ တစ်ခါတစ်ခေါက်တော့ ရောက်အောင်သွားရင်း ခရီးသွားလာ သုတရှာလည့်ပါလို့ တိုက်တွန်းလိုက်ပါရစေ။

Undefined
Kyaw Swar Han's picture

Kyaw Swar Han

Top Traveller