• Create Trip Plan
  • Favorite Place
  • Check in Place

ZaLat Myay [NatMaTaung]

♫♫ အေးချမ်းတဲ့. . . တောင်ပေါ်မြေမှာ တောင်ဇလပ်ပန်းနဲ့ ချယ်ရီတွေ . . . ထင်ရှုးတောများကြားမှာ အတားဆီးမဲ့ လှနေ ♪♪

ဒီတစ်ခေါက် article မှာတော့ Best trip မိတ်ဆွေများအတွက် အားလပ်ရက်တွေမှာ အနားလည်းယူရင်း ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းပြီး ဇလပ်မြေလို့ တင်စားကြတဲ့ တောင်ပေါ်ဒေသ ခရီးစဉ်လေး တစ်ခုနှင့် မိတ်ဆက်ပေးပါရစေ။ 

အင်္ဂလိပ်လို Mt.Victoria ၊ ချင်း လို ခေါ်နူးသုမ်၊ မြန်မာလို နတ်မတောင်လို့ အမည်တွင်သည့် နေရာလေး သည် ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်၊ မင်းတပ်နှင့် မတူပီ စသည့် ၃ မြို့နယ်တွင်းမှာ တည်ရှိပါတယ်။ ပင်လယ်ရေမျက်နာပြင်အထက် ၃၀၅၃ မီတာ (၁၀၀၁၆ ပေ) ရှိသည့် နတ်မတောင်သည် ချင်းပြည်နယ်အတွင်း အမြင့်ဆုံး တောင်တစ်ခုဖြစ်သည်။ အကျယ်အဝန်းအားဖြင့် ၁၇၆၃၀၀ ဧက / ၇၀၃၄၆ ဟက်တာ (ကန်ပက်လက်မြို့နယ် = ၂၉၅၃၀ ဧက၊ မင်းတပ်မြို့နယ်= ၁၃၃၉၇၀ ဧက၊ မတူပီမြို့နယ် = ၁၂၈၀၀ ဧက) ကျယ်ဝန်းသည်။ ၁၉၃၆ ခုနှစ်တွင် ဘောလီမိုးကြိုးဝိုင်းအဖြစ်ဖွဲစည်းခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ရန် အဆိုပြုခဲ့ပြီး ၂၀၁၀ ခုနှစ်တွက် အမျိုးသားဥယျဉ်အဖြစ် အတည်ပြု ဖွဲ့စည်းခဲ့သည်။ ၂၀၁၂ခုနှစ်တွင် အာဆီယံ အမွေအနှစ် ဥယျာဉ်အဖြစ် တိုးမြှင့်သတ်မှတ်ခဲ့ပါသည်။ (ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ရန်စစ်တမ်းကောက်ခဲ့ပါသော်လည်း ၁၀ပေ အထက်ကျယ်သည့် တောင်တက်ကားလမ်းများ ဖောက်ထားသည့်အတွက် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ်မှ ပယ်ချခြင်း ခံရသည်ဟု ကြားသိရသည်။ ) 

တစ်တောင်လုံး နီနီရဲရဲ ပွင့်လန်းနေတဲ့ တောင်ဇလပ်ပန်းများ

တောင်တက်လမ်းတလျှောက် တော်ရိုင်းပန်းလေးများကြား လမ်းလျှောက်ရတဲ့အရသာဟာ ဘယ်အရာနဲ့မျှမလဲနိုင်ပါဘူး

အပေါ်ကပုံရိုက်ယူထားတဲ့ နေရာမှာပဲ မြူတွေတက်လာတဲ့အချိန် အမိအရ ရိုက်ယူထားတဲ့ပုံ

ဘယ်လိုသွားရမလဲ

ခရီးစဉ်လမ်းကြောင်းအနေဖြင့် tour စီစဉ်ပေးသည့် ခရီးသွားလုပ်ငန်းများနှင့် သွားလို့ရသလို မိမိအစီအစဉ်ဖြင့်လည်း သွားလို့ရသည်။ မိမိအစီအစဉ်ဖြင့် သွားလိုလျှင် ရွေးချယ်စရာ နှစ်ခုရှိသည်။ စွန့်စား ရတာကြိုက်ပြီး Challenging Trip ဖြစ်အောင် ကိုယ်တိုင်ကိုယ်ကျ ကားမောင်းပြီး သွားလို့ရသလို ကန်ပက်လက်အထိ ရောက်အောင် ပြေးဆွဲပေးတဲ့ ခရီးသွားယာဉ်များဖြင့် လည်းသွားလို့ရပါသည်။

ပထမအနေဖြင့် Challenging Trip ဖြစ်အောင် ကိုင်တိုင်ကားမောင်းသွားသည့် လမ်းကြောင်းကိုပြောပြလိုပါတယ်။ ကျွန်တော်တို့ကတော့ ပုဂံကနေတစ်ဆင့် သွားဖြစ်တာပါ။ ပုဂံမှတစ်ဆင့် ချောက် » ဆိပ်ဖြူ » ကန်ဇွန်းမ » သီးကုန်း » ဆော » ကန်ပက်လက် » နတ်မတောင် ဆိုတဲ့ လမ်းအတိုင်း သွားခဲ့တာပါ။ လမ်းအခြေအနေ အတော်အသင့်ကောင်းသည်။ ချောက်မှ ကန်ဇွန်းမ အထိကို ပုံမှန်မြေပြန့် အတိုင်းပဲရှိပါတယ်။ Highway လမ်းတွေရဲ့ထုံးစံအတိုင်း နှစ်လမ်းသွားလမ်းများဖြစ်သည်။ အသွားအပြန် ကားနှစ်စီး လွတ်ကင်းစွာ ရှောင်တိမ်းနိုင်သည့် အကျယ်အဝန်းရှိသည်။

ဆိတ်ဖြူ - ဆော လမ်းပိုင်းအခြေအနေ

ကန်ဇွန်းမ မှစ၍ နတ်မတောင်ရောက်သည်အထိ ရင်ခုန်စိတ်လှုပ်ရှားစေတဲ့ တောင်တက်လမ်းများ သင့်ကို စတင် ဆီးကြိုပါပြီ။ အကွေ့အဝိုက်များပြီး အတက်အဆင်းလုပ်၍ သွားရသည့် လမ်းမျိုးဖြစ်သည်။ လမ်းပိုင်း အနည်းငယ်သာ မြေသားလမ်းဖြစ်ပြီး ကျန်လမ်းပိုင်းများသည် ကတ္တရာခင်းထားတဲ့ လမ်းမျိုး ဖြစ်သည်။ မြေသားလမ်းပိုင်းများသည်လည်း ကတ္တရာခင်းရန် ပြင်ဆင်နေသည်များ တွေ့ခဲ့သည့်အတွက် ယခုအခါ ကတ္တရာခင်းပြီးလောက်သည်ဟုယူဆရသည်။ ပြင်ဆင်စရာအနေဖြင့် မိမိကားကို အောက်ပိုင်း စစ်ဆေးမှု့များ ကြိုတင်လုပ်ဆောင်သွားရန်လိုအပ်သည်။ 4x4 ကား အမြင့်များဖြင့် သွားနိုင်လျှင်ပိုကောင်းသည်။ မှတ်ချက် - ဆန့်ကျင်ဘက်အကွေ့အဝိုက်များကို ကုန်းတက် ကုန်ဆင်းလမ်းများနှင့် သွားရသည့်အတွက် အတော်အသင့်ကားမောင်း အတွေ့ကြုံရှိသူများသာ မောင်းနှင်ရန် အကြံပြုပါသည်။ မျက်ကွယ်ကွေ့များမှ ဆိုင်ကယ်များ၊ မြေသယ်ကားများ ရုတ်တရပ်ထွက်လာတတ်သည်ကို သတိထားရမည်ဖြစ်သည်။ ကိုယ်တိုင်ကားမောင်းသွားခြင်းသည် risk အနည်းငယ်ရှိသော်ငြားလည်း တောင်တက်လမ်း တစ်လျှောက် လတ်ဆတ်သောလေနှင့် ကျေးငှက်တို့၏ သဘာဝအသံများက သင့်စိတ်ကို ကြည်နူးလန်းဆန်းစေမှာ အမှန်တကယ်ပင်ဖြစ်သည်။ သင်သာဓာတ်ပုံရိုက်ဝါသနာပါခဲ့လျှင် View Point တွင်ကားရပ်ပြီး ရှု့ခင်းပုံများ Selfie များ ရိုက်နိုင်မည်ဖြစ်သည်။

 

ဆော - ကန်ပက်လက် လမ်းပိုင်းအခြေအနေ

လိုင်းကားဖြင့်သွားလိုသည့် ခရီးသွားများအနေဖြင့် မန္တလေးသို့ အရင်သွားရပါမည်။ မန္တလေး ၂၂ x ၉၀ လမ်းတွင် သီရိမန္တလာ အဝေးပြေးဂိတ် (မုံရွာ၊ရွှေဘို ပြေးဆွဲသည့်ကားဂိတ်) မှ ကန်ပက်လက်ရောက်သည့် ရွှေယောမန်း ကားကိုစီးရပါမည်။ ရွှေယောမန်း လမ်းကြောင်း အနေဖြင့် မန္တလေး » စစ်ကိုင်း » မြင်းမူ » ချောင်းဦး » ရေစကြို » ပေါက် » ပုံတောင်ပုံညာ » ကျောက်ထု » ဆော » ကန်ပက်လက် စသည့် လမ်းကြောင်းအတိုင်းသွားပြီး မီနီဘတ်စ်၊ အန်စာတုံး ကားများဖြင့် ပြေးဆွဲပေးပါသည်။ ကားလက်မှတ်အနေဖြင့် မီနီဘတ်စ်ကို (၈၀၀၀) ကျပ် အန်စာတုံးကားကို (၁၂၀၀၀) ကျပ် (ဈေးအနည်းငယ်ပြောင်းလဲမှုရှိနိုင်) ကျသင့်မှာ ဖြစ်ပါသည်။ တည်းခိုရန် ဟိုတယ်များသည် နတ်မတောင် တောင်ခြေမှာရှိသည့်အတွက် လိုင်းကားနှင့်သွားခဲ့ပါက ကန်ပက်လက် အထိပဲ ရောက်မှာဖြစ်ပြီး ဟိုတယ်သို့ရောက်ရန် ဆိုင်ကယ် ကယ်ရီငှားလို့ရသလို သူငယ်ချင်းများနှင့် ပျော်ပျော်ပါးပါး လမ်းလျှောက်တက်နိုင်ပါတယ်။ လမ်းလျှောက်တက်ချိန် မိနစ် ၄၀ ခန့်ကြာမြင့်မှာဖြစ်ပါသည်။

 

 

တည်းခိုဖို့ရွေးချယ်မယ်

Resort ရွေးချယ်စရာအတွက် ပထမဦးဆုံး Mountain Oasis (Ecolodges) Resort နှင့်မိတ်ဆက်ပေးချင်ပါတယ်။ ဘန်ဂလိုလေးတွေနှင့် သပ်ရပ်လှပမှုရှိပါတယ်။ နောက်တစ်ခုကတော့ နာမည်လေးလှတဲ့ Pine Wood Villa ပဲဖြစ်ပါတယ်။ Pine Wood Villa မှာလဲ ဘန်ဂလိုလေးနှင့် ထင်းရှုးပင်များနှင့် သပ်ရပ်လှပတဲ့ Villa ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ Sky palace villa ဖြစ်ပါတယ်။ အထက်ဖော်ပြပါ ဟိုတယ် ၃ လုံးကတော့ လက်ရှိထိ တည်းလို့ရတဲ့ ဟိုတယ်တွေဖြစ်ပါတယ်။ နောက်ထပ်အသစ်ဖွင့်မည့် ဟိုတယ်တွေအနေဖြင့် “ပန်းလေပြေ” ဟိုတယ်ကိုတော့ January 2017 တွင်ဖွင့်လှစ်မည်ဟုသိရပါသည်။ နောက်ထပ်အသစ်ဖွင့်မည့်ဟိုတယ် ၂ လုံးထပ် ရှိပါသေးသည်။

ကျွန်တော်တို့တည်းခဲ့တာ Sky Palace Villa မှာဖြစ်တဲ့အတွက် ဒီ ဟိုတယ် အကြောင်းလေးကိုတော့ အခြားဟိုတယ်တွေထက် နဲနဲအသေးစိတ်လေးရေးပါမယ်။ Sky Palace ဆိုတဲ့အမည်ဖြင့် နေပြည်တော်၊ ပုဂံ၊ အင်းလေး တို့တွင် ဟိုတယ်များ ဖွင့်ထားသည့်အတွက် ဟိုတယ်လုပ်ငန်း အတွေ့အကြုံရှိသည့် Sky Palace Villa မှဝန်ဆောင်မှု့များသည် သင့်အားစိတ်ကျေနပ်မှုရှိစေမှာ သေချာပါသည်။ Villa ထဲတွင် သဘာဝအရသာကို ခံစားနိုင်စေရန် သစ်လုံးနှင့်ဆောက်ထားသည့် ဘန်ဂလိုများရှိသည်။ ထို့အပြင် လူကြီးများနှင့်သင့်တော်မည့် အုတ်နှင့်ဆောက်ထားသည့် အခန်းများလဲရရှိနိုင်သည်။ ဘန်ဂလိုတိုင်း အခန်းတိုင်း ရေပူစက်များ တပ်ဆင်ပေးထားသည်။ ညအိပ်ချိန် သင့်ခြေထောက်များနွေးနေရန် ရေနွေးအိတ်လေးကိုလည်း ညအိပ်ခါနီးလာပေးဦးမှာ ဖြစ်ပါတယ်။ ညနေ ၆ နာရီမှ ည ၁၀ နာရီထိ မီးစက်နိုးပေးထားမှာ ဖြစ်တဲ့အတွက် ဖုန်းအားသွင်းခြင်းနှင့် ကင်မရာအားသွင်းခြင်းတွေအတွက် ပူစရာမလိုပါဘူး။ Breakfast ကိုလဲ အကောင်းဆုံး ပြင်ဆင်ပေးသည့် ဟိုတယ်ဖြစ်ပါတယ်။ ညဖက် မီးပုံပွဲလုပ်၍ ချင်းရိုးရာ အဆို အက အတီး များကို လေ့လာချင်သူများ အတွက် ဟိုတယ်ကို request လုပ်ပါက ဟိုတယ်မှ သင့်တင့်သောဈေးနှုန်းများနှင့် စီစဉ်ပေးမှာဖြစ်ပါတယ်။

Sky Palace Villa အခန်းစျေးနှုန်များ -
Superior (Mountain View & Cliff View) - ၇၀,၀၀၀ ကျပ်
Deluxe Room                                        - ၈၀,၀၀၀ ကျပ်

Sky Palace Villa အ၀င်ပေါက်နေရာ

Sky Palace Villa ထဲရှိ သဘာ၀အရသာကို ခံစားနိုင်စေရန် သစ်လုံးနှင့်ဆောက်ထားသည့် ဘန်ဂလိုများ

Sky Palace Villa ထဲရှိ သဘာ၀အရသာကို ခံစားနိုင်စေရန် သစ်လုံးနှင့်ဆောက်ထားသည့် ဘန်ဂလိုများ

ဟိုတယ်မှ စီစဥ်ပေးသည့် မီးပုံပွဲ

ဟိုတယ်မှ စီစဥ်ပေးသည့် မီးပုံပွဲ

ဟိုတယ်မှ စီစဥ်ပေးသည့် မီးပုံပွဲ

 

လည်ပတ်စရာ နေရာများ

လည်ပတ်စရာနေရာများအနေဖြင့် ပထမဦးစွာ နတ်မတောင်ထိပ်ပေါ်သို့ တက်ရောက်လည်ပတ် နိုင်ပါသည်။ နတ်မတောင်ရဲ့ လမ်းတစ်ဝက် ဖြစ်သည့် ဆယ်မိုင်ဇရပ်ကို ကား၊ ဆိုင်ကယ် များဖြင့်တက်ပြီး ကျန်တစ်ဝက်ကို ခြေကျင်တက်ရောက်နိုင်ပါသည်။ ဆယ်မိုင်ဇရပ်ထိ ကားငှားလိုပါက ဟိုတယ်များမှစီစဉ်ပေးပါတယ်။ (ကျွန်တော်တို့ သွားတုန်းက ကားငှားခ ဟိုတယ်ကနေ ဆယ်မိုင်ကုန်း အသွားအပြန် ၁၀၀,၀၀၀ ကျပ် ပေးရပါတယ်။ ကားက Toyota Surf ကားအမျိုးအစားဖြစ်ပြီး ခရီးသည် လေးယောက်သာ စီးနိုင်ပါတယ်)။ လူငယ်များ အနေဖြင့် ဟိုတယ်မှစ၍ တောင်ထိပ်ထိ ခြေကျင်တက်ကြတာများပါတယ်။

တောင်ထိပ်ထိ ခြေကျင်တက်သူများ လမ်းတစ်လျှောက်မှာ ဒီလိုဒီလို ဓါတ်ပုံတွေတဝကြီး ရိုက်နိုင်တာပေ့ါ

ချစ်သူစုံတွဲလေးတွေ စိတ်ကြိုက် အလှဓါတ်ပုံ ဓါတ်ပုံရိုက်ဖို့ အကောင်းဆုံးပေါ့

တောင်တက်လမ်း တစ်လျှောက်တွင် ရောင်စုံပွင့်သည့် တောပန်းကလေးများ၊ ရေညှိများ ကပ်နေသည့် အပင်များ သစ်ခွပန်းများ ၊ ထူထပ်စွာကပ်ပေါက်နေသည့် ထင်းရှူးနှင့် တောင်ဇလပ်ပင်ကြီးများကို ရင်သပ်ရှု့မောဖွယ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ထို့အပြင်နတ်မတောင်သည် ရှားပါးငှက်မျိုးစိတ်များ အပါဝင် ငှက်မျိုးစိတ်ပေါင်း (၁၅၀) ကျော် နေထိုင်ကျက်စားရာ နေရာတစ်ခုလည်းဖြစ်သည်။ နိုဝင်ဘာလ၊ ဒီဇင်ဘာလများတွင် မြူခိုးများ ထူထပ်စွာရှိတတ်သည့်အတွက် နတ်မတောင် ဘေးပတ်ဝန်းကျင်တွင် တိမ်ပင်လယ်ကြီး သဖွယ် မြူခိုးများရှိနေမှာ ဖြစ်ပါတယ်။

 

နှစ်ပေါင်းကြာမြင့်သည့် သက်တမ်းရင့် တောအုပ်ကြီးများ

နှစ်ပေါင်းကြာမြင့်သည့် သက်တမ်းရင့် တောအုပ်ကြီးများ

 

ချင်းရွာများ

နတ်မတောင် အပြင် တောင်ခြေရှိ ချင်းရွာလေးများသို့လည်း လည်ပတ်ကြည့်ရှု့လို့ ရနိုင်ပါသေးသည်။ ချင်းရွာများတွင် ပါးရဲထိုးထားသည့် ချင်းတိုင်းရင်းသူကြီးများကို တွေမြင်ရမှာဖြစ်ပါတယ်။ ယနေ့ခေတ်အချိန်တွင် ပါးရဲထိုးသည့်ဓလေ့မှာ ပျောက်ကွယ်လုနီးပါးဖြစ်နေပြီဖြစ်သည်။ ချင်းရွာများတွင် ချင်းတိုင်းရင်းသားများ၏ နေထိုင်မှု့ပုံစံများကို လေ့လာနိုင်မှာဖြစ်ပြီး လက်ယက်ကန်းနှင့် ချင်းထည်များယက်လုပ်နေသည်ကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။

 

 

ကိုးလောင်ရေတံခွန်

နောက်ထပ်လည်ပတ်စရာ နေရာတစ်ခုကတော့ ကိုးလောင်ရေတံခွန်ပဲဖြစ်ပါသည်။ တောင်ခြေရှိ နတ်မတောင်တက်လမ်း၏ ဘေးဘက်တွင် မကျောက်အားရွာရှိသည်။ ကိုးလောင်ရေတံခွန်သို့ ရောက်ရန် ထိုမကျောက်အားရွာထဲမှ ဖြတ်သွားရမှာ ဖြစ်ပါတယ်။ မကျောက်အားရွားမှ ကိုးလောင်ရေတံခွန်သို့ ရောက်ရန် ၃ မိုင်ခွဲ ၄ မိုင် ခန့် အကွာအဝေးရှိမည်ဟု ခန့်မှန်းမိသည်။ ကိုးလောင်ရေတံခွန်သွားသည့်လမ်းအနေဖြင့် အလွန်ကျဉ်းမြောင်းသည့်အတွက် ဆိုင်ကယ် သို့မဟုတ် ခြေလျှင် သွားရမှာဖြစ်ပါတယ်။ ရေတံခွန်သွားသည့် လမ်းတစ်လျှောက် တောင်တက်တောင်ဆင်းများနှင့် တောလမ်းကျဉ်းဖြစ်သည့်အတွက် ဆိုင်ကယ်နှင့်သွားမည့် ခရီးသွားများအနေဖြင့် အထူးဂရုစိုက်သွားရန် လိုအပ်သည်။ ဆိုင်ကယ်နဲ့ သွားမည်ဆိုလျှင်လည်း ရေတံခွန်ရောက်ခါနီး ကိုက် ၂၀၀ ကျော်လောက်တွင် ဆိုင်ကယ်ကို ရပ်ထားခဲ့ပြီး ရေတံခွန်မှ ရေဆင်းသည့် လမ်းတလျှောက် ခြေကျင်သွားရမှာဖြစ်ပါတယ်။ ခြေကျင်သွားတဲ့ လမ်းတစ်လျှောက် ရေညှိ ကျောက်တုံး တွေပေါ်မှ အတက်၊ အဆင်း လျှောက်ရသည့်အတွက် အလွန် ဂရုတစိုက် သွားရပါတယ်။ လမ်းတလျှောက် ဘယ်လောက်ပဲ မောပန်း မောပန်း ရေတံခွန်ကြီးကို မြင်လိုက်တာနဲ့ ပင်ပန်းတာတွေ အားလုံး ပြေပျောက်သွားမှာ ဖြစ်ပါတယ်။

ကိုးလောင်ရေတံခွန် သွားရာလမ်း

ကိုးလောင်ရေတံခွန်

 

တိမ်ပင်လယ်မှ ပေါ်ထွက်လာတဲ့ နံနက်ခင်း နေထွက်ချိန်အလှ

Sky Palace Villa အနောက်ဘက်ကနေ နံနက်ခင်းနေထွက်ချိန်အလှအပများကို တ၀ကြီးခံစားနိုင်ပါတယ်။

 

ခရီးသွားဖို့ပြင်ဆင်ရန်လိုအပ်သည်များ

- ကိုယ်တိုင်ကားမောင်းပြီး သွားမည့်ခရီးသွားများ အနေဖြင့် ကားအောက်ပိုင်းများ စစ်ဆေးထားရန်နှင့် ကားတာယာများကို စစ်ဆေးထားရန်လိုအပ်ပါသည်။

- အစားအသောက် အတွက်အထူးပြင်ဆင်ရန် သတိပေးပါရစေ :D ။ ကန်ပက်လက်ရောက်သည်နှင့် မုန့်ပဲသရေစာ ဝယ်စားရန် ဆိုင်မရှိတော့ပါ။ ထို့အတူ မိမိသောက်နေကြ ဆေးဝါးပစ္စည်းများလည်း မမေ့မလျှော့ ယူဆောင်သွားရန် လိုအပ်သည်။

- 2016 နှစ်စပိုင်းအထိ ကမ်းရိုးတန်းဖုန်း တစ်မျိုးတည်းသာ လိုင်းမိပါသည်။  ဒါ့ကြောင့်မို့ ကိုယ့်ချစ်သူခင်သူများကို ဖုန်းလိုင်းမိသည့် ဆော ရောက်တာနဲ့ သတိတရ ဖုန်းဆက်ဖို့ မမေ့နဲ့နော်။ :D

ကျွန်တော်ရဲ့ ပထမဆုံး ခရီးသွားလမ်းညွှန်မို့ လိုအပ်ချက်များ ရှိရင် သည်းခံဖတ်ရှုပေးရန် မေတ္တာရပ်ခံပါတယ်။ နတ်မတောင်နဲ့ ပတ်သက်ပြီးအခြား သိလိုသည်များကိုလည်း အချိန်မရွေးဆက်သွယ်မေးလိုက်နိုင်ပါတယ် ခင်ဗျာ ...

Undefined
Pyae Phyo's picture

Pyae Phyo

Amateur Photographer